လားရှိုး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူများ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လားရှိုးမြို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ လေးပုံတစ်ပုံ ကျယ်ဝန်းသော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ဧရိယာစတုန်းရန်း မိုင်ပေါင်း (၆) သောင်းကျော်ရှိသည့် ပြည်နယ်ဖြစ်သောကြောင့် နယ်စပ်ထိတွေ့မှုတွင် ရှမ်းအရှေ့၌ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် ထိတွေ့မှုအများဆုံးဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးများ တွင်လည်း ထိစပ်မှုအများဆုံး ရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကျရောက်မှုကြောင့် နယ်စပ်ဂိတ်များ အကုန်ပိတ်ထားရမှုကြောင့် စီးပွားရေးများ အထိုက်အလျောက် ကျဆင်းမှုရှိခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်အရ စီးပွားရေးသည် ကိုဗစ်ကာလတွင်မှ ကျရသည်မဟုတ်ပါကြောင်း၊ ၂၀၁၇- ၂၀၁၈ ခုနှစ်က စတင်ကျဆင်းမှု ရှိသည်ကို မှတ်တမ်းများရှိပါကြောင်း၊ ကိုဗစ်တတိယလှိုင်းအပြီးတွင် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို ထိုင်းနိုင်ငံဘက်တွင် တာချီလိတ်နှင့် လာအိုနိုင်ငံဘက်တွင် ဝမ်ပုံဒေသကို ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း၊ မူဆယ်ဂိတ်ကို မိမိတို့အဖွဲ့မှ ကြိုးစားမှုမှာအကြိမ်ကြိမ်ရှိခဲ့ပါကြောင်း၊ နယ်မြေစိုးမိုးမှု အနေအထား လိုနေမှုရှိသောကြောင့် ကွင်းဆင်း၍ မရသောကြောင့် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် နယ်စပ်ကုန်သွယ်ရေးအဖွဲ့ကိုဖိတ်ကြား၍ လာရောက် ကာဆွေးနွေးပေးကြရန် မူဆယ်ခရိုင် အားလုံးက လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများ၊ နယ်စပ်ကုန်သွယ်မှု လက်ရှိအနေအထားများ၊ မြန်မာနိုင်ငံဘက်မှ ရှေ့ဆက်ဆောင်ရွက်ရမည့်ကို ချပြဆွေးနွေးရန်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဌာနဆိုင်ရာအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြော ကြားသည်။
ဆက်လက်၍ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ဆွေးနွေးတင်ပြပြီး မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း ညွှန်ကြားရေးမှူး ဦးစိန်ဝင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖေကြိုင်တို့က ဆွေးနွေးတင်ပြပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးတင်လတ်က ဆွေးနွေး၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များဖြည့်စွက် ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ မယ်ဟန်ရတနာဂုဏ်ရည်ကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမျှာ်ကာ လှူဖွယ်ပစ္စည်း၊ ဆွမ်းဆန်တော်နှင့် နဝကမအလှူ ငွေကျပ် (၅)သိန်း ဆက်ကပ်လှူဒါန်းပြီး စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ရတနာ့ဂုဏ်ရည် ကျောင်းတိုက်ကိုယ့်အားကိုယ်ကိုးမြေမှ ကတ္တရာခင်းခြင်း လုပ်ငန်းအားကြည့်ရှု၍ သာသနာ ၂၅၀၀ ကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်း၊ နဝကမအလှူငွေကျပ်(၅)သိန်းဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
မောင်မောင်သန်း (တောင်ကြီး)