ပူတာအို ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ စာပေဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အထများဖြစ် ပေါ်စေရန်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် မိမိဌာန၏ အသိပညာပေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်နှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် စာရေးဆရာမ ခင်စောတင့် ရေးသားထားသော “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ(၃)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဦးနောယော်ဘော်က “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်”ခေါင်း စဉ်ကိုလည်းကောင်း၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးချန်းဖုန်ရမ်က “ရိုးသားဖြောင့်မတ်သော” ခေါင်းစဉ်ကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးချန်းဒီးရမ်က “ဘဝထဲကအပြုသဘော မဆောင်တာတွေကို ဖယ်ရှားပါ” ခေါင်းစဉ်ကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အားဒူးက “အောင်မြင်ဖို့ ဘာတွေပေးဆပ်ခဲ့ရပါသလဲ” ခေါင်းစဉ်ကိုလည်းကောင်း၊ အငယ်တန်းစာရေး ဦးဖုန်မလေ ဖုန်ဆားရ်က“ဘာကိုလိုချင်လို့ကြိုးစားနေပါသလဲ” ခေါင်းစဉ်ကိုလည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးသည်။
ထို့နောက် ဝန်ထမ်းများက မိမိဖတ်ကြားဆွေးနွေးသည့် အကြောင်းအရာများထဲမှ မှတ်သားထားသည့် ဗဟုသုတ ရရှိစေမည့် အကြောင်းအရာအချက်အလက်များအား ထုတ်နုတ်ဆွေးနွေးခဲ့ကြရာ ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ဖတ်ကြားဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ကာ အပြန်အလှန် ဗဟုသုတဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်