ပင်းတယ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွာငယ်ရပ်ကွက်ရှိ “တော်ဝင်ချယ်ရီ” သစ်ခွခြံ၌ ထိုင်းနိုင်ငံမျိုးဖြစ်သည့် သစ်ခွပန်းမျိုးစုံနှင့် သစ်ခွပျိုးပင်များအား ပျိုးထောင်စိုက်ပျိုးရောင်းချလျက်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသနေပြည်သူများ ထိုစိုက်ပျိုးရေးခြံ၌ လာရောက်လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေသည့်အပြင် ကိုဗစ်ကာလ မိသားစု စား၊ ဝတ်၊ နေရေး၊ လူမှုစီးပွား ဘဝအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပင်လယ်ရေ မျက်နာပြင်အထက် ( ၃၈၈၀ ) ပေ၌ တည်ရှိသော ချမ်းအေးသောတောင်ပေါ်ဒေသ ဖြစ်သည့် ပင်းတယမြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော သီးပင်၊စားပင်နှင့် ပန်းမန်များ မျိုးကောင်း မျိုးသန့်များ ရရှိရန်အတွက် စိုက်ပျိုးရေးနည်းပညာများအသုံးပြု၍ ဒေသထွက်သီးနှံများအပြင်၊ ပြည်ပနိုင်ငံမှ မှာယူထားသောမျိုးစိပ်များအား စမ်းသပ် စိုက်ပျိုးကြလျက်ရှိသည်။ ရွာငယ်ရပ်ကွက်ရှိ သစ်ခွပန်းမျိုးစုံနှင့် သစ်ခွပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိသော “တော်ဝင် ချယ်ရီ” သစ်ခွခြံတွင် ထိုင်းနိုင်ငံမှမှာ ယူထားသောမျိုးစိပ်၊ သစ်ခွပန်းမျိုးများဖြစ်သည့် ဒန်ဒရိုသစ်ခွ၊ ဂျိုရစ် သစ်ခွ၊ မိုကာရာသစ်ခွ၊ ဗန်ဒါသစ်ခွ စသည် သစ်ခွပန်းပင်များအား စိုက်ပျိုးထားပြီး၊ သစ်ခွ တစ်ပွင့်လျှင် (၅၀၀) ကျပ်နှုန်း၊ သစ်ခွပျိုးပင်တစ်ပင်လျှင် အမျိုးအစား ပေါ်မူတည်၍ ( ၃၅၀၀) ကျပ်မှ (၈၀၀၀) ဝန်းကျင်ခန့်ထိ ဈေးနှုန်းရှိကြောင်း သိရသည်။ အလှူပွဲများ၊ မင်္ဂလာပွဲများ၊ ဘွဲ့နှင်းသဘင် အခမ်းအနားများပြုလုပ်သည့်အချိန်တွင် သစ်ခွပန်းများ ပိုမိုရောင်းချရကြောင်းနှင့် ရာသီမရွေး လာရောက်ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။
“တော်ဝင်ချယ်ရီ” သစ်ခွခြံပိုင်ရှင် ဒေါ်စန်းစန်းအေးက သီးပင်၊စားပင်၊ ပန်းမန်များ စိုက်ပျိုး ရောင်းချ၊ ရရှိသည့်ဝင်ငွေပေါ်တွင် စီးပွားဖြစ်ရပ်တည်ခြင်းမရှိဘဲ၊ ဒေသနေတိုင်းရင်းသားလူငယ် ၊ လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး လူမှု၊ စီးပွားဘဝဖူလှုံမြင့်မားစေရန် အဓိကရည်ရွယ်၍ စိုက်ပျိုးရေး အား ဝါသနာအရင်းခံ ပရဟိတစိတ်ဖြင့် ပြုစုပျိုးထောင် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ၊ တစ်နိုင် တစ်ပိုင်မိသားစု စီးပွားရေးလုပ်ကိုင်လိုသူများအနေဖြင့်လည်း လာရောက်လေ့လာနိုင်ကြောင်းနှင့် ဒေသဖွံဖြိုးရေးအတွက် အရိပ်ရသစ်ပင်ပျိုးပင်များအားအသက်သာဆုံး ဈေးနှုန်းဖြင့် ဖြန့်ဖြူး ပေးနေကြောင်း သူမ၏ရည်ရွယ်ချက်အား ပြောပြသည်။ ထိုစိုက်ပျိုးရေးခြံတွင် သစ်ခွပန်းပင်များအပြင် အော်ဂဲနစ်စားသီးနှံဖြစ်သည့် သလဲသီး၊ နဂါးမောက်သီး၊ ကိုင်းမျိုးဆက် ထောပတ်သီး၊ ပင်မှည့်သီး၊ မာလကာသီး၊ ပန္နဲသီး၊ အိန္ဒိယ ဒန့်သလွန်သီး၊ စသည့်သီးနှံများအားလည်း စိုက်ပျိုးပြီး ပတ်ဝန်းကျင်ဒေသများအပြင် ရန်ကုန်မြို့ရှိ ( City Mark) သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အေးအေးလတ် ( ပြန်/ ဆက်)