မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ လူမှုဝန်ထမ်းအမျိုးသမီး စောင့်ရှောက်ရေး ဂေဟာရှိ အမျိုးသမီးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း  သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ၊မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်သူအောင် ဦးဆောင်သည့် ဝန်ထမ်းများက မင်္ဂလာဒုံမြို့နယ်၊ လူမှုဝန်ထမ်း စောင့်ရှောက်ရေး ဂေဟာရှိအမျိုးသမီးများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၅၃)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ (၁၇)ဦး၊ အသက်(၁၀)နှစ်ပြည့်မှ အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူ (၅)ဦး၊ စုစုပေါင်း(၇၅)ဦးကိုလည်းကောင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား များ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းကို  ရပ်ကွက်/ ကျေးရွာ များအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွား ဇာတိမြေ အမြဲနေထိုင်လျက် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲ နေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများ အနေဖြင့် မူလဒေသတွင်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သန္တာ