မိုင်းယောင်းမြို့၌ အိုမီခရွန်(0micron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင် ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ၊ ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်ကုသရာတွင် အသုံးပြုသည့်ဆေးဝါးများ ထောက်ပံ့ပေးအပ်

မိုင်းယောင်း   ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အိုမီခရွန်(0micron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါအား ကာကွယ် ထိန်းချုပ်ကုသရာတွင် အသုံးပြုသည့် ဆေးဝါးများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ် တားဆီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက အိုမီခရွန်ကို အရိုးဆုံးကာကွယ်မှုများဖြင့်ပင် ကာကွယ်နိုင်သည်ဖြစ်ရာ သတိပြုကြရမည် ဖြစ်သော် လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပ ထွက်တိုင်း Mask တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း စသော စည်းမျဉ်း စည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ကို အကြိမ်ပြည့် မပျက်မကွက် ခံယူရန်နှင့်  ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ဆက်လက်ကာကွယ် သွားကြပါရန် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ရပ်ကွက်နှင့်ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ပြန်လည်ရှင်းလင်းတင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ကိုဗစ်-၁၉ ရောဂါအား ကာကွယ် ထိန်းချုပ်ကုသရာတွင် အသုံးပြုသည့် ဆေးဝါးများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု စီမံ အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း