ပုံပါကျင် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ အိုမီခရွန် (omicron) အပါအဝင် ကိုဗစ် - ၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကြိုတင်ကာကွယ်နိုင်ရေး လိုက်နာရမည့် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များတွင် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြဥ်ရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက် များအား လေဝင်လေထွက် ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းကို ပြည်သူများ ကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် Hand speaker ဖြင့် လှည့်လည်နှိုးဆော် ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်သို့သွားရောက်နှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)