မော်လမြိုင်မြို့ မြိုင်ရတနာ ကုန်စိမ်းဈေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်နေမှု ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဒီဇင်ဘာ ၁၆

မော်လမြိုင်မြို့  မြိုင်ရတနာကုန်စိမ်းဈေး အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ကြည်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများ၏  ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရေရရှိရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေးအပြင် ရေစီး၊ရေလာ ကောင်းမွန်စေရေး၊    ဈေးဆိုင်ခန်းများ စနစ်တကျ    နေရာချထားရေးနှင့်    သန့်ရှင်းသပ်ရပ်မှု ရှိစေရေး     အလေးထား  ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မော်လမြိုင်မြို့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ  ဈေးများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းသည် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ရောင်းဝယ် ဖောက်ကားနိုင်ရေး၊ အခွန်ငွေ တိုးတက်ရရှိစေရေး လမ်းညွှန်မှာကြားသည်။

အဆိုပါ မြိုင်ရတနာ ကုန်စိမ်းဈေးသည်  သထုံတံတားလမ်းနှင့် မြိုင်ရတနာဈေးလမ်းထောင့် မြေဧရိယာ ၁ ဒသမ ၁၃   ဧက၊    မြိုင်ရတနာ (၂) ထပ်ဈေးအနီးတွင်    တည်ရှိပြီးဈေး၏   (၅)ထပ် အဆောက်အဦ၏  အကျယ်အဝန်းမှာ အလျား   ၂၂၅  ပေ၊   အနံ ၁၉၈ ပေ ကျယ်ဝန်း၍  ကားပါကင် ပါရှိပြီး  လေဝင်၊လေထွက်စနစ်၊ ရေဆိုး/ ရေညစ်ကန်များ ထားရှိသည့်စနစ်၊ အမှိုက်အစို/ အခြောက် ခွဲခြား   စုပုံစေရေး ဆောင်ရွက်ပေးရန်ရှိကြောင်း၊   မီးဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထား ရှိမှုအပြင် ဓါတ်လှေကား၊ စက်လှေကားများ တပ်ဆင်ထားမည်ဖြစ်ကာ ရေရရှိရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေး   ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူမျာအပြင်    အခြားမြို့နယ်များမှ ကုန်စည် လာရောက် ရောင်းဝယ် ဖောက်ကားနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ၂၀၂၁-၂၀၂၂ ပြည်နယ်ခွင့်ပြုဘဏ္ဍာ ရန်ပုံငွေ ကျပ်သန်း  ၄၂ဒသမ၃ဖြင့်   မော်လမြိုင်မြို့၊   ကျောက်မီးသွေးရုံလမ်း၊ သီရိမြိုင်ရပ်ကွက်နှင့် ကွင်းရပ်တို့တွင် လမ်းသားတိုးချဲ့ခြင်း လုပ်ငန်းအား လည်းကောင်း၊ အလားတူ ပြည်နယ် ခွင့်ပြုဘဏ္ဍာ ရန်ပုံငွေ ကျပ်သန်း ၁၂၀၀ဒသမ၉၃ ဖြင့် မော်လမြိုင်မြို့၊ ဈေးကြိုအဝိုင်းမှ ဟင်္သာအဝိုင်းအထိ နိုင်လွန်ကတ္တရာခင်းခြင်း၊ ရေမြောင်းနှင့် မြောင်းဖုံးများပြုလုပ်ခြင်း၊ မြေထိန်းနံရံပြုလုပ်ခြင်းနှင့် မြေဖို့ခြင်းအပါအဝင် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးကြောင်း သိရသည်။

ဇာဖြူဝင်း(မော်လမြိုင်ခရိုင်ပြန်/ဆက်)