ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်

ဝမ်းတွင်း ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ ဆောင်ရွက်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက သဲတောဈေးကြီးနှင့် ဝမ်းတွင်းဈေးကြီး များတွင် ဆောင်ရွက် ခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက သရုပ်ပြခြင်းများနှင့် လေ့ကျင့်ရခြင်းများ၏ ရည်ရွယ်ချက်များ၊ မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူး ဦးစည်သူငွေစိုးမှ မီးသတ်ဆေးဗူးများ အသုံးပြုပုံ၊ ဈေးသူ၊ ဈေးသားများ အနေဖြင့် မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ မီးသတ်ယာဉ် အသုံးပြု၍ မီးငြိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦဟာမာန်၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြဟန်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် ဈေးအကျိုးတော် ဆောင်များ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)