ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

ဖောင်းပြင် ဒီဇင်ဘာ ၁၆

ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများအား အတွေးအခေါ်များ မြင့်မားလာစေရေး၊ ယှဉ်ပြိုင်လိုစိတ်များ ရှိလာစေရေးနှင့် ဌာနတွင် စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုအား သိရှိပြီး စာအုပ်စာပေများအား ဖတ်ရှု့လေ့လာခြင်း အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင် က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ဌာန တွင် ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်မှ စာအုပ်စာပေများကိုပြသပြီး စာပေဖတ်ရှု့ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဥပမာပေးပြောကြားသည်။

ထို့နောက် ဒီဇိုင်းမျိုးစုံပါဝင်သည့် အရုပ်များအား ဆေးရောင်ခြယ်စေ၍ ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးခဲ့ကာ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးနှင့် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးသည်။  အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အမှတ်-၂ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ စတုတ္ထတန်းအဆင့် ကျောင်းသား/သူ ၉ ဦး၊ သတ္တမတန်းအဆင့် ကျောင်းသား/သူ ၇ဦး လာရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)