နမ္မတူတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ ၃၀၈ဦးအား ဒုတိယအကြိမ်Sinovac အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ      ဒီဇင်ဘာ    ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်() အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက်  (၈)နာရီအချိန်ခန့်က စတင်ကာ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၃၀၈ဦးအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် နိုဝင်ဘာလတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထား သည့် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများထဲမှ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ ကျောင်းသူ ၃၀၈ ဦးအား ကာကွယ်ဆေးများထိုးနှံပေးခြင်းဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန်လာရောက် သည့် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ခဲ့သည်။

နမ္မတူမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ ၉၁၀ဦးရှိပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူ ၂၀၀ဦးအား ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးလင်းအောင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)