ဟိုပန်၌ အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ​ကွင်းဆင်းဆောင်ရွက်ပေး

ဟိုပန် ဒီဇင်ဘာ ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ၊ ဟိုပန်မြို့နယ်၊ လဝက ဝန်ထမ်းများမှ ပန်လုံလမ်းရပ်ကွက်ရှိ ကိုးကန့်စာသင်ကျောင်း၌ ယမန်နေ့က အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ "ပန်းခင်း" စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်​ရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူး ဒုတိယညွှန်​​ကြားရေးမှူး ဦးမျိုးညွန့်မှကြီးကြပ်၍  ဟိုပန်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများက ဟိုပန်မြို့ရှိ ကိုးကန့်ယဉ်ကျေးမှုနှင့် အထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ အသက် (၁၆) နှစ်အထက် ဒေသခံပြည်သူ (၈၈) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဒေသခံပြည်သူများအား မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး "ပန်းခင်း"စီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီပေးရမည့် အချက်အလက်များ ပါဝင်သည့် "ပန်းခင်း" စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် "ပန်းခင်း"စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ ယနေ့အထိ အိမ်ထောင်စု လူဦးရေစာရင်း(၁၉၈) နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၂၂)ခု တို့ကို ပြုလုပ်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)