ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ လားရှိုးတက္ကသိုလ်မှ နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များအားတွေ့ဆုံ

လားရှိုး      ဒီဇင်ဘာ   ၁၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လားရှိုးတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များအား ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲက လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမ၌ တွေဆုံရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်မှ လူသားစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ အသစ်ခန့်အပ်ပြီး သင်တန်း(၁)လ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ မိမိတို့အစိုးရ တာဝန်စယူကတည်းက မဏ္ဍိုင် (၄) ရပ် ချမှတ်သည့် လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ဆက်သွယ်ရေးစနစ်နှင့် လူ့စွမ်းအားအရင်းအမြစ်တို့ဖြစ်ကြောင်း၊ သက်ဆိုင်ရာမေဂျာအလိုက် တက္ကသိုလ်ဆရာဆရာမများကို ပါမောက္ခချုပ်းထံ အပ်လိုက်ပါကြောင်းနှင့် ပါမောက္ခများကလည်း လက်တွဲခေါ်ပေးရန်၊ မိမိတို့အနေဖြင့် လားရှိုးတက္ကသိုလ်ကို မည်ကဲ့သို့ ဆောင်ရွက် ပေးရမည်၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းရှေ့တို့ကို ကွင်းဆင်းဆောင်ရွက်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တက္ကသိုလ်အရေးနှင့် ပတ်သက်၍ စာပေသင်ကြားရေးပိုင်းတွင် လိုအပ်ချက်များရှိပါက ပါမောက္ခချုပ်မှ ဖြည့်ဆည်းဆောင်ရွက် ပေးရန် လားရှိုးမြို့တွင် တိုင်းရင်းသားများသောကြောင့် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ လားရှိုးတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေ(၁၀)သိန်းကျပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့​သည်။ အဆိုပါ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမ သစ်လွင်များအား တွေ့ဆုံခြင်းတွင် ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်၊ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင် (၅၁)ဦး တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)