မိုင်းငေါ့မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပပြုလုပ်

မိုင်းငေါ့     ဒီဇင်ဘာ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က မိုင်းငေါ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်အမြဲ သတိရနေစေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံကို သိရှိလာစေရန်ရည်ရွယ်၍ ယခုလို ဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မိုင်းငေါ့ အ.ထ.က ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နန်းထွေးလင်းကြည့်က လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ် ၊ ဆရာ ဦးဟိန်းသူအောင်က လွတ်လပ်ရေးနေ့သမိုင်းကြောင်း စသည့်အကြောင်းအရာများကို ဟောပြော ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများမှ သိရှိလိုများကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြသည်။အဆိုပါဟောပြောပွဲ အခမ်းအနားသို့ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၉) ဦး တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)