မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ   ဒီဇင်ဘာ     ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက  မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန်၊      အသိအမြင်  ဗဟုသုတများကို  လက်တွေ့ဘဝတွင် အသုံးချတတ်လာစေရန်  ရည်ရွယ်၍   စာရေးဆရာ ဦးသိန်းဆွေ ကျန်းမာရေးမှူး(ငြိမ်း)၏ “ပြည်သူ့အတွက် ကျန်းမာရေးဗဟုသုတ”   စာအုပ်ဖြင့်   ယမန်နေ့က    လူထုအခြေပြုဗဟိုဌာန   ( Community  Centre)  ခန်းမ၌  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက စာပေချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေး သည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၊   စာပေဖတ်ရှုခြင်းဖြင့်   မိမိကိုယ်ကို  ယုံကြည်မှုရှိပြီး  အမှားအမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့်  ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး  တက်ရောက်လာသော (Book Club) အသင်းမှ   စာအုပ် စာစောင်ချစ်မြတ်နိုးသူများက       “ပြည်သူ့အတွက် ကျန်းမာရေးဗဟုသုတ” စာအုပ်တွင် ပါရှိသော ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်အကျဉ်းချုပ် ဆွေးနွေးခဲ့ပြီး စာဖတ် ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန်ဆောင်ရွက်သွားမည့် အကြောင်းကို မိုင်းလုံမြို့ ပြန်/ဆက်ရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)