ကျိုင်းလပ်မြို့၌ EM ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းအား ကွင်းဆင်းသရုပ်ပြသ

ကျိုင်းလပ်      ဒီဇင်ဘာ     ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဒေသခံပြည်သူများအား EM ဘိုကာရှီ မြေဆွေး ပြုလုပ်သုံးစွဲနည်းအား စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မိုင်းပါလျှိုးအုပ်စု ဝမ်လန်းကျေးရွာရှိ တောင်သူ ဦးအိုက်အင်၏ လယ်မြေအတွင်း ကွင်းဆင်းသရုပ်ပြသခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်၊ ခရိုင် မြေ/ မျိုး/ ပိုးတာဝန်ခံများနှင့် ကျေးလက်နေ ပြည်သူများ တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက အားထား လုပ်ကိုင်ကြရာ လယ်ယာထွက်သီးနှံများ အထွက်နှုန်းတိုးတက် ကောင်းမွန်လာစေရန်အတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအပြင် ဇီဝမြေဩဇာများ ကျယ်ပြန့်စွာ သုံးစွဲလာနိုင်စေရန် ရည်ရွယ်ပြီး ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မြဥမ္မာက EM ဘိုကာရှီမြေဆွေးပြုလုပ် သုံးစွဲနည်းအဆင့်ဆင့်အား လက်တွေ့ကွင်းဆင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျိုင်းလပ်မြို့ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က EM ဘိုကာရှီ မြေဆွေးပြုလုပ် သုံးစွဲခြင်းဖြင့် သီးနှံအထွက် သိသိသာသာတိုးလာစေရန် စွမ်းဆောင်နိုင်ခြင်း၊ မြေအောက်ရေ အပါအဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း၊ လယ်ယာစွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ပြီး ကုန်ကျစရိတ်သက်သာကာ လွယ်ကူစွာပြုလုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)