ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မြို့နယ်အတွင်း မောင်းနှင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ သတ်မှတ် စည်းကမ်းများနှင့် အညီ မောင်းနှင်သွားလာရေး စစ်ဆေးပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိဆိုင်ကယ် ကယ်ရီ ဂိတ်တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒု-ရဲမှူး မြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း မှူး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယ ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများအား ခရီးသည် တစ်ဦးထက်ပိုမို တင်ဆောင်မောင်းနှင်ခြင်း မပြုရန်၊ ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်မှစီးနင်းသူများမှ ဆိုင်ကယ်စီး ဦးထုပ်စနစ်တကျတပ်ဆင် စီးနင်းရန်၊ မြို့နယ်အတွင်း သတ်မှတ် အရှိန်နှုန်းဖြင့်သာ မောင်းနှင်ကြရန်နှင့် ဆိုင်ကယ်ကယ်ရီ သမားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေ အကြိမ်ပြည့် ထိုးနှံထားရန်တို့ကို စစ်ဆေး အသိပညာပေးပြောကြားပြီး၊ ယာဉ်စည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)