ကွမ်းလုံ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရန် အတွက် မြို့လည်ကျောက်တိုင်တွင် ရှောင်တခင်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုး၏ ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကွမ်းလုံမြို့တွင်းသို့ အခြားဒေသမှလာရောက်သည့် ဈေးသည်များနှင့် အနီးပတ်ဝန်းကျင်ရွာမှ ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာနေသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ ကား/ဆိုင်ကယ်များကို စနစ်တကျ ရပ်တန့်စေ၍ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့်နေရာသို့ စေလွှတ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော် မတီအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ စစ်ဆေးနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ စာရင်းကောက်ယူခြင်းနှင့် နှာခေါင်း/အာခေါင် တို့ဖတ်ရယူကာ RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဒေသခံပြည်သူ (၂၀၀) ဦးအား အခမဲ့ဆောင်ရွက်ပေးခဲ့ရာ ရောဂါပိုး ကူးစက်ခံရသူ မရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ဇွန်လ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆၇၁) ဦး၊ သေဆုံး (၂၃) ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ပြန်လည်ပို့ဆောင်သူ (၆၄၇) ဦး၊ ကုသဆဲ(၁)ဦးသာ ကျန်ရှိတော့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်ကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)