ဆွမ်ပရာဘွမ်မြို့နယ်၌ ပန်းချီပြိုင်ပွဲကျင်းပ

ဆွမ်ပရာဘွမ်   ဒီဇင်ဘာ   ၁၅

ကချင်ပြည်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ အနာဂတ်လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အထ အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Center ခန်းမ၌ ယနေ့နံနက် ၁၀ နာရီချိန်က ပန်းချီပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြကာ အကောင်းဆုံးရေးဆွဲနိုင်ခဲ့သူ (၃)ဦးအား (ပထမ၊ဒုတိယ၊တတိယ)အဖြင့် ရွေးချယ်ခဲ့ပြီး ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များအား အသိပညာ၊ အတတ်ပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်း ပေးခြင်း၊ ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်နည်းများ၊ ပုံပြောပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ စသည့် အစီစဉ်များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဇနီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့တို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)