မိုင်းယုမြို့တွင် ဒေသခံဘိုးဘွားများ ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချ

မိုင်းယု    ဒီဇင်ဘာ   ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတိုင်းရင်းသား သက်ကြီးဘိုးဘွားများက ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို အလှူနှင့် ယတြာချေရာတို့၌ အသုံးပြုနိုင်ရန်အတွက် တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချရာတွင် မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက် ရှိကြသည်။

အဆိုပါ ရိုးရာဖယောင်းတိုင်များကို မိုင်းယုဒေသတွင်းရှိ ဒေသခံတိုင်းရင်းသား သက်ကြီး ဘိုးဘွားများက အသက်ရလာသည်နှင့်အမျှ အခြားလုပ်ငန်းများ သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက် မိမိတို့အိမ်တွင် သက်တောင့်သက်သာနေ၍ မိသားစု အပိုဝင်ငွေ ရရှိရန် ရှမ်းရိုးရာ လက်လုပ်ဖယောင်းတိုင်များကို ပြုလုပ်ရောင်းချကြရခြင်း ဖြစ်သည်။

ဖယောင်းတိုင်များ ပြုလုပ်ရာတွင် အသုံးပြုကြသည့် ဖယောင်းခဲနှင့် ပိုးကြိုးအခွေများကို ကျိုင်းတုံမြို့နယ်မှတစ်ဆင့် မှာယူကြပြီး  ရရှိလာသည့် ဖယောင်းခဲကို ဒယ်အိုးကြီးထဲထည့်ပြီး မီးအပူပေးကာ အရည်ပျော်လာသည့် ဖယောင်းရည်ပူအတွင်း ပိုးကြိုးအခွေအား တစ်ကြိုးဆီ တစ်ပေခွဲခန့် ဖြတ်တောက်ကာ ယင်း ဖြတ်ပြီးထားသည့် ကြိုးတစ်ချောင်းချင်းဆီကိုယူ၍ အစွန်းဖက်မှကိုင်ကာ ဖယောင်းရည်ပူအတွင်း မီးထွန်းဆာချန်၍ အတင့်သင့်နစ်ကာ ဘယ်ညာဆွဲပြီး ညီညာသည့် ကြွေပြား/မှန်ပြားပေါ်တွင် တစ်ချောင်းဆီ အအေးခံခြင်းဖြစ် သေသပ်လှသည့် ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်ကို ရရှိလာရခြင်းဖြစ်သည်။

ရရှိလာသည် ရှမ်းရိုးရာလက်လုပ် ဖယောင်းတိုင်များကို အလယ်မှ ထက်ဝက်ခန့် ပြန်ဖျက်တောက်၍ အစည်းအရွယ်အစား အမျိုးမျိုးစည်းကာ တစ်စည်းလျင် ကျပ်ငွေ ၂၀၀မှ ၂၀၀၀ ကြား ရောင်းချလျက်ရှိကြောင်း ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များ ပြုလုပ်ရောင်း ချသည့် ဒေသခံဘိုးဘွားတစ်ဦးက ပြောသည်။ အဆိုပါ ရှမ်းရိုးရာ လက်လုပ် ဖယောင်း တိုင်များကို ရှမ်းတိုင်းရင်းသားများ ရိုးရာအလှူပြုရာတွင် ထွန်းညှိပူဇော်ရာ၌ လည်းကောင်း၊ ယတြာချေရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)