တံတားဦး ဒီဇင်ဘာ ၁၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အမှတ်(၃) ရပ်ကွက်၊ သုခိတ ကမ္ဘောဇဗိမာန် အတွင်း၌ ကျင်းပကြောင်းသိရသည် ။
အောက်ဆီဂျင်စက်ရုံဖွင့်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲတွင် တံတားဦးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံးဆိုင်ရာ ဆောက်ဆီဂျင်စက် ဖြစ်မြောက်ရေး အဖွဲ့များက တံတားဦးမြို့ သံဃာ့နာယကဥက္ကဋ္ဌ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် နာယက ဆရာတော် ဘဒ္ဒန္တ ကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် မှ အောက်ဆီဂျင်စက်ဖွင့်ပွဲအတွက် အနုမောဓနာတရားချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေစက်သွန်ချအမျှပေးဝေကြကာ ဆရာတော် သံဃာတော်များမှ အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများကို အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်း ပြီး အောက်ဆီဂျင်စက်ကို ဖွင့်လှစ်ပေးကြသည်။
အဆိုပါအောက်ဆီဂျင် စက်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ်စက်အမျိုးအစားပြီး စက်တန်ဘိုးမှာ ငွေကျပ်သိန်းပေါင်း(၈၆၀) ကုန်ကျကြောင်း အောက်ဆီဂျင်စက်ရုံကို အလျား(၅၀)ပေ ၊ အနံ(၂၀)ပေနှင့် အမြင့်(၁၂)ပေတို့ဖြင့် တည်ဆောက်ထားကြောင်း၊ အောက်ဆီဂျင်စက်ရုံမှာ တံတားဦးမြို့နယ်အနေဖြင့် နာရီပေါင်း(၂၀)နာရီတွင် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံးပေါင်း(၈၀)ကို ထုတ်လုပ်နိုင်ရုံမက. ပိုလျှံ တဲ့အတွက် အခြားမြို့ရွာများကိုလည်းလှူဒါန်းပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်လုံးဆိုင်ရာ အောက်ဆီ ဂျင်စက်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးချမ်းသာထံမှ သိရသည်။
ရဲတင့်(တံတားဦး)