တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိ

ရန်ကုန် ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား မှန်ကန်သော သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် အသိပညာပေး ပြသထားလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆိုတာ အရင်က တစ်ဆင့်စကား၊ တစ်ဆင့်ကြားအနေနဲ့သာ ကြားဖူးခဲ့တာပါ။ ဘာအကြောင်းအရာတွေ ပါဝင်လည်း ဆိုတာ မသိခဲ့ပါဘူး။ ယခုလို မြို့နယ်ပြန်/ဆက်ရုံးကနေ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက် နံရံကပ်စာစောင်တွေနဲ့ ပြသပြီး အသိပညာပေးတာဟာ အရမ်းကို ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဒီနံရံကပ်စာစောင်တွေကနေတစ်ဆင့် လတ်တလော သိရှိထားသင့်တဲ့ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်တွေ၊ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်နည်းတွေ၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သိရှိထားသင့်သည့် အကြောင်းအရာတွေ အပြင် အခြားသော လူမှုရေး၊ ကျန်းမာရေး၊ ဘဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် ယခုလို နိုင်ငံတော်အစိုးရရဲ့ ပြည်သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လေ့လာ သိရှိခွင့်ရတဲ့အတွက် ဒီ တာမွေမြို့နယ် ပြန်/ဆက်ဦးစီးဌာနကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက်  ဒစ်ဂျစ်တယ်နည်းပညာဖြင့် We Love Tarmwe Facebook Page နှင့် တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ထုတ်လွှင့်တင်ဆက်ပေးခဲ့သည့်အပြင် ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်း လာသည့်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်း နယ်လှည့် စာကြည့်တိုက်ဖွင့်လှစ်၍ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားစေရေးအတွက်  သုတ/ရသ စာအုပ်စာစောင်များအား အခမဲ့ ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်