ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ ကြပ်မတ်စစ်ဆေး

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဦးစားပေးအုပ်စု အလိုက် ကာကွယ်ဆေးများကို ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေအား ကြပ်မတ်စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီမှစ၍ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်(သမ္ဗန်) ဂိတ်အနီးတွင် မြို့နယ် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ‌ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက အသက် ၁၈နှစ်နှင့် အထက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အထောက်အထား စာရွက်များအား စစ်ဆေးပြီး အကြောင်းအမျိုးမျိုး‌ကြောင့် ကာကွယ်ဆေးမထိုးနှံရသေးပါက သက်ဆိုင်ရာ ရပ်ကွက်အလိုက် သတ်မှတ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံရေး တိုက်တွန်းပြောကြားခြင်း၊ ကာကွယ်ဆေး ချက်ချင်းထိုးနှံရန် စီစဉ်ဆောင်ရွက်ပေးခြင်းတို့အပြင် ဒေသခံခရီးသွားပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံ