ခရမ်း ဒီဇင်ဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၄၀ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့ အမှတ်(၂) ရပ်ကွက်ရှိ သကျမာရိဇိန်ကြေးသွန်းဘုရားကြီးအတွင်းရှိ သာသနဗိမ္မာန်ဓမ္မာရုံကြီးတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ နေ့စဉ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများကို ကျန်းမာရေး ဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံ ရှိ၊မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။
ခရမ်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း ၁၅၃ ရွာရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီ ခရမ်းမြို့အတွင်း စုစုပေါင်း ဆေးထိုးနှံရမည့် အကျုံးဝင်ဦးရေမှာ ၁၂၈၁၇၂ ရှိပြီး First Dose ထိုးနှံပြီးသူ ၆၃၇၉၀ ရှိပြီး Second Dose ၄၇၃၇၅ ဦးရှိပြီး ရာခိုင်နှုန်း ၄၉.၇၇ အထိ ထိုးနှံပြီးခဲ့ကြောင်းနှင့် ယခုအခါ ကျေးရွာအလိုက် လှည့်လယ်၍ ကျန်ရှိသူများအား ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကြီးကြပ်ရေး ကော်မတီမှ သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း