တာချီလိတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုံလို့တောရကျောင်းနှင့် နမ့်ခမ်းမြို့တို့တွင် တည်ထား ကိုးကွယ်မည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ရုပ်ပွားတော်ငယ်များအား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် ယနေ့ နံနက် ၉ နာရီတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ ပင့်ဆောင် လာခဲ့သည်။
ဗုဒ္ဒရုပ်ပွားတော်နှစ်ဆူအား စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပုံလို့ဆရာတော် ဘုရားကြီး၏ တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် ရှမ်းရိုးရာ ယဉ်ကျေးမှုအကအဖွဲ့တို့က ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် ကြိုဆိုဖူးမျှော်ပြီး တည်ထား ကိုးကွယ်မည့် ပုံလို့တောရဘုန်းကြီးကျောင်းသို့ ပင့်ဆောင်ခဲ့ကြသည်။
အဆိုပါ ဉာဏ်တော်အမြင့် (၉)ပေရှိ ဗုဒ္ဓမေတ္တာမဟာဗောဓိကြေးဆင်းတုတော်နှစ်ဆူကို အလှူရှင် လုံးကျင်းဆမ်း မိသားစုနှင့် စိုင်းဝန်းပန် (ခ) ကိုမောင်မောင် မိသားစုတို့က လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)