တွံတေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

တွံတေး ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒေသခံပြည်သူများ စာဖတ်၊ စာငှား ပရိတ်သတ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ဦး (ကိုသက်-ဥပဒေ) က  စာဖတ် ဝိုင်းများ ပြုလုပ်ခြင်းဖြင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်တို့အား ရှင်းလင်းပြောကြားပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော “စာကောင်းပေကောင်းရဲ့ အရသာ”  စာအုပ်မှ စိန်ကဲ၊ ရွှေကဲ၊ လူကဲခတ်၊ အသိအမြင်ရ၊ စာဖတ်ခြင်း၊ စာမဖတ်ခြင်း စာဖတ်တဲ့ အလေ့အထရှိသူနဲ့ စာမဖတ်သူအကြောင်း၊ စာဖတ်သောပြည်သူများ၏ တိုင်းပြည်တို့သည် ဖွံဖြိုးတိုးတက်ကြကြောင်း၊ တိုးတက်ဖွံဖြိုးနေသော တိုင်းပြည်များရှိ ပြည်သူများသည် စာဖတ်ခြင်း အလေ့အထရှိကြောင်းနှင့် စာဖတ်တဲ့ အလေ့အထရှိတဲ့ မိသားစုက ဘဝအဆင့်အတန်း၊ လူမှုအဆင့်အတန်း မြင့်မားသွားကြကြောင်း၊ စာမဖတ်ကြသော အိမ်ထောင်စုများဟာ အသိဉာဏ်ပညာ ခေါင်းပါးတာနဲ့အမျှ ပို၍ပို၍ ဆင်းရဲနိမ့်ကျတဲ့ ဘဝတွေထဲ ကျဆင်းသွားကြောင်း၊ စာကောင်းပေကောင်းတွေရဲ့ အရသာကို ညီငယ်ညီမငယ်တို့ နေ့စဉ်တစ်ရက်တစ်နာရီ၊ နှစ်နာရီလောက် အချိန်ပေးပြီး လေ့ကျင့် (ပျိုးထောင်သွား)ရန်လိုကြောင်း စာရေးသူက အကြံပြုထားတာ တွေ့ရကာလေး၊ ငါးနှစ်ရှိတဲ့အခါ စာရေးဆရာက ထူးခြားတာကို ကိုယ်တွေ့ရရှိမှာဖြစ်ကြောင်း ရေးသားထားတဲ့အတွက် စာဖတ်သူများက စာကောင်းပေကောင်းများနဲ့ ပေါင်းဖော်လက်တွဲကြရန် တိုက်တွန်းထားကြောင်း ဆွေးနွေးခဲ့သည်။ စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်ပြောကြားသည်။

ထို့နောက် တက်ရောက်သည့် စာပေချစ်မြတ်နိုးသူများမှလည်း အသိပညာခြင်း ဖလှယ်၍ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွံတေးသား