ဆိပ်ကြီးခနောင်တိုမြို့နယ်‌၌ ဒေသခံခရီးသွားပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေကာ ကာကွယ်ဆေး မဖြစ်မနေထိုးနှံရေး အသိပေးပြောကြား

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိမှု မရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဒေသခံ ခရီးသွားပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံရေး အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး ပရဟိတ အဖွဲ့ဝင်များက မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သည့် “ရွှေရန်ကုန်” စက်တပ်ရေယာဉ် (သမ္ဗန်) ဂိတ်တွင် ရန်ကုန်မြို့တွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ဒေသခံ ခရီးသွားပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း Mask အခုရေ ၁၀၀၀ အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသက် ၁၈ နှစ်နှင့် အထက်ရှိသူ များအနေဖြင့် ရပ်ကွက်အလိုက် သတ်မှတ်ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေ အကြိမ်ပြည့် လာရောက်ထိုးနှံရေး လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)