နမ့်ခမ်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်အတွင်းရှိ တိုက်ပွဲရှောင် (IDP) ယာယီခိုလုံရေးစခန်းများဖြစ်သော ဂျော်1နှင့် စိန်သောမတ်တို့တွင် နေထိုင်လျက်ရှိသော ပြည်သူများအား အသိပညာပေး နယ်လှည့်ဟောပြောပွဲများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်းပြီးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ယာယီခိုလုံရေးစခန်းတစ်ခုဖြစ်သော ဂျော်1 ရှိ တိုက်ပွဲရှောင်ပြည်သူများကိုလူမှု ဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စန်းက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက စာပေဖတ်ရှုမှုဖြင့် မိမိဘဝကို မြှင့်တင်နိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကာ ဂျော်1 စခန်းရှိ လူငယ်လူရွယ်ကလေးများကို ရသစာအုပ်များငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ယင်းနောက် စိန်သောမတ်ယာယီခိုလုံရေးစခန်းရှိ တိုက်ပွဲရှောင်ပြည်သူများကိုလည်း ကိုဗစ်-၁၉ကူး စက်ရောဂါမှ ကာကွယ်နိုင်ရေးအသိပညာပေးဟောပြောခြင်း၊ စာပေဖတ်ရှုမှုဖြင့် မိမိဘဝကိုမြှင့်တင်ပါ၊ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောခြင်းများနှင့် ရသစာအုပ်များ ငှားရမ်းပေးခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတိုက်ပွဲရှောင်စခန်းများတွင် ယာယီခိုလုံနေသော ပြည်သူများသည် ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာအနီးပတ်ဝန်းကျင်မှ ရွာငယ်ကလေးများတွင် နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများဖြစ်ပြီး တိုက်ပွဲရှောင်စခန်းတစ်ခုတွင် လူဦးရေနှစ်ရာကျော်စီရှိပြီး ယာယီခိုလုံရေးစခန်း(၂)ခုပေါင်းတွင် လူဦးရေငါးရာကျော် ယာယီခိုလုံနေထိုင် လျက်ရှိကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)