ဟိုပန် ဒီဇင်ဘာ ၁၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ညစာကျက်ဝိုင်းများဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က ဟိုပန်မြို့နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းသည် နည်းပါးလျက်ရှိကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်သည့် လက်ထက်တွင်အောင်ချက်မြင့်မားရေးအတွက် စေတနာ၊ဝါသနာ၊အနစ်နာ စသည့် နာ(၃)နာဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ ညစာကျက်ဝိုင်းအတွက် ကူညီဆောင်ရွက်ပေးမည့်သူများရှိပါကြောင်း၊တက်ရောက်လာသူများက အကြံညဏ်ကောင်းများ ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါ သည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဦးဝင်းလှိုင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ လျာထားပါကြောင်း၊ ညစာကျက်ဝိုင်း(Night Study) အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ဆရာ/ဆရာမ အင်အားအခြေအနေတို့ကို လည်းကောင်း၊ အထက(ဟိုပန်)၊ အထက(ပန်လုံ)နှင့်အထကခွဲ(ပန်ကောက်)တို့မှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်တို့က ညစာကျက်ဝိုင်းအတွက်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆရာ/ဆရာမလိုအပ်ချက်နှင့်ကျောင်းအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဦးညီနပ်က သက်ဆိုင်ရာဌာနများနှင့်ညိနှိုင်းပေါင်းစပ်ပေးပြီး အသေးစိတ်ဆောင်ရွက်မည့် အစီအစဉ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ပညာရေးမှူးတို့က ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်မှူးများနှင့်ညှိနှိုင်းဆွေးနွေး၍ ပြန်လည်တင်ပြသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )