ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ စိုက်ပျိုး တောင်သူများ ကြက်သွန်တစ်ပိသာ ၅၀၀ ကျပ်ထိ ဈေးနှုန်းပြန်လည်မြင့် တက်လာကြောင်း မုန့်ကုန်းကျေးရွာ၊ ကြက်သွန်နီပွဲစား ဦးမင်းညိုထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်ကျင်ကျေးရွာများနှင့် ပုပ္ပားမြောက်ဘက် စိတ္ထိန်းချောင်းတစ်လျှောက် ကြက်သွန်စိုက်ပျိုးတောင်သူများ၊ ရေဆုံးကျေးအုပ်စုရှိ ကျေးရွာများသည် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်အများအပြား စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကာ မနှစ်ကစိုက်ပျိုး ထွက်ရှိ လှောင်ထားသည့် ကြက်သွန်များ ပြန်ရောင်းချိန် တစ်ပိသာ ၅၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့် စိုက်ပျိုးစရိတ် အရင်းပင်မရရှိပဲ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ကျောက်ပန်းတောင်း မြို့နယ် လဲဂွကျေးရွာကြက်သွန် စိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။ ဆောင်းကြက်သွန်စိုက်ပျိုးချိန်သည် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတွင် စတင်ပျိုး ထောင်ကာ ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်မည့် အခင်းသို့ ရွေ့ပြောင်း စိုက်ပျိုးရသည်။ မစိုက်ပျိုးခင် ထွန်စက်ထွန်ခ တစ်နာရီ နှစ်သောင်းနှစ်ထောင်ကျပ်၊ နွားရှဉ်းထွန်ခ တစ်မနက် တစ်သောင်းခွဲကျပ်၊ ကြက်သွန် စိုက်သမခ တနေကုန် ငါးထောင်ကျပ်၊ ရေဖြန်းလုပ်သားခ တနေကုန် တစ်သောင်းကျပ်၊ မြေဆီ (နွားချေးပုဇဉ်းခေါင်းထော်လာဂျီတစ်စီး) လေးသောင်း ငါးထောင်ကျပ်၊ ငုံးချေး၊ ကြက်ချေး၊ နှမ်းဖတ်၊ ပဲဖတ်ကြိတ်ထည့်ခြင်းများဖြင့် ဆောင်းကြက်သွန်စိုက်ပျိုးခြင်းသည် ကရိ ကထအလွန်များသော်လည်း ကြက်သွန်ဈေး ကောင်းကောင်း၊ မကောင်းကောင်းစိုက်ပျိုးချိန် ပြန်လည် စိုက်ပျိုးကြကြောင်း သိရသည်။
ယခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန် စိုက်ပျိုးတောင်သူ များအမြင့်ဆုံး ကြက်သွန် ဈေးနှုန်း ၅၀၀ကျပ်သာရောင်းချခဲ့ရပြီး ယခုလိုအချိန်ဈေးနှုန်းအ ကောင်းဆုံးရောင်းချရမည့်အစား ဈေးနှုန်း အနိမ့်ဆုံး တစ်ပိသာ ၅၀၀ကျပ်သာရောင်းချနေ ရခြင်းကြောင့် ကြက်သွန်ဈေးနှုန်း အရှုံးနှင့်ရင်ဆိုင်ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ကြက်သွန်စိုက်တောင်သူ ဦးမင်းညိုက ရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD