ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

မောင်တော ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့၌  ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးအလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့  ညနေ  ၄  နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။  

အဆိုပါ ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှစတင် ကျင်းပခဲ့ပြီး  အသင်း(၁၂)သင်းက ပါဝင်ယှဉ်ပြိုင်ကစား လာခဲ့ကြရာ ယမန်နေ့ မွန်းလွှဲပိုင်းတွင် ပြိုင်ပွဲဝင်အသင်းများထဲမှ ဒိုင်းလုပွဲကို တက်ရောက်လာကြသော  “ဝတီလေးရပ်အသင်းနှင့် “ကြယ်သုံးပွင့် အသင်း(၂)သင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး   မြို့ပေါ် ရပ်ကွက်များမှ “ဝတီလေးရပ်အသင်းမှ အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကံထွန်းအောင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  ဘောလုံးပြိုင်ပွဲနှင့် ထုတ်စည်းထိုး ပြိုင်ပွဲတွင် ဆုရရှိသော အသင်းသားများအား  နေရာအလိုက် အကောင်းဆုံးဆု၊ လည်ဆွဲ တံဆိပ်နှင့် ငွေသားဆုများ၊ ပြိုင်ပွဲတစ်လျှောက် ကူညီပံ့ပိုးပေးခဲ့ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဂရုဏာကွန်ရက်အသင်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးခင်မောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက်  ထုတ်စည်းထိုး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော “အောင်ရက္ခအသင်းနှင့် ဘောလုံးပြိုင်ပွဲ တွင် ပထမဆုရရှိခဲ့သော “ဝတီလေး ရပ် အသင်းတို့အား လည်ဆွဲတံဆိပ် နှင့် ငွေသားဆုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်တို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး