ဘူးသီးတောင်မြို့ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ပြုလုပ်

ဘူးသီးတောင် ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ်မီးသတ် ဦးစီး ဌာနတို့ပူးပေါင်းစီစဉ်ကျင်းပသည့်(၄၇) နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်း အမှတ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့ညနေ ၃ နာရီအချိန်ကျင်းပသည်။

အဆိုပါ အသိပညာပေး(Talk Show) ဆွေးနွေးပွဲတွင် ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုဦးစီးမှူ ဦးမြင့်ခိုင်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းအားပြည်သူများ လိုက်နာဆောင်ရွက်ကြရန် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အဖြစ်အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဘူးသီးတောင်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးတာဝန်ထမ်းဆောင် နေသည့် ဒုမီးသတ် ဦးစီးမှူးဦးထွန်းဝင်းနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အားဆွေးနွေးရာ ကျွန်တော်တို့ မီးသတ်ဌာနကပွင့်လင်းရာသီ ရောက်ရှိတဲ့အချိန်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒပုဒ်မ-၁၆(က)အရ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ လိုက်နာရမည့် မီးဘေးလုံခြုံရေး ဆိုင်ရာ ညွှန်ကြား ချက်ထုတ်ပြန်ပြီး အသံချဲ့စက်နဲ့ မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံကြေငြာခြင်း အားတစ်ပတ်(၂)ကြိမ် ခန့်ဆော်ဩနေကြောင်း၊ ထိုသို့ထုတ်ပြန်ညွှန်ကြားချက်များကို ပြည်သူတွေ လိုက်နာဆောင်ရွက်မှု ရှိ/မရှိမီးသတ် တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များတွင်စစ်ဆေး ပညာပေးလျက်ရှိပါကြောင်း၊ လိုက်နာမှုမရှိသူများ အားပထမအကြိမ် သတိပေး လက်မှတ်ရေးထိုးပြီး လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထား ပါကြောင်း၊ပြည်သူတွေ မီးဘေးလုံခြုံမှုရှိစေဖို့ အိမ်တိုင်း၌တစ်ဦး တစ်ယောက်ချင်းကအစမီးကို သတိမူသုံးစွဲဖို့လို အပ်ပါကြောင်း၊ အိမ်ခြေ(၁၀၀)မှာ (၁)အိမ်ရှိ လူတစ်ယောက်က ပေါ့ဆခဲ့လျှင်ကျန်အိမ်များရှိ လူများလည်း မီးဘေးအန္တရာယ် ကို ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါကြောင်း  မီးဘေးကြိုတင်ကာကွယ်ရေးမှာ အပိုင်း(၃)ပိုင်းရှိ ကြောင်း၊ မီးသတိမူသုံး စွဲတဲ့အပိုင်း၊ မီးဘေးကြိုတင်ကာကွယ် တဲ့အပိုင်း၊ မီးငြိမ်းသတ်တဲ့အပိုင်ဟု(၃)ပိုင်း ရှိပါကြောင်း၊ မီးသတိမူသုံးစွဲတဲ့အပိုင်းတွင် မီးလောင်မှုမဖြစ်ပွားအောင် မိမိနေအိမ်/လုပ်ငန်း အတွင်းမှာရှိတဲ့ မီးလောင် မှုဖြစ်စေနိုင်သည့် ပစ္စည်းကိရိယာများကို သတိထားဆင်ခြင်သုံးစွဲရ မည်ဖြစ်ကြောင်း၊မီးဖိုကို စနစ်တကျသုံးစွဲခြင်း(ကာအရံထားခြင်း)၊ လျှပ်စစ်ပစ္စည်းကိရိယာများကို သတိပြုသုံးစွဲခြင်း (အပူဖြစ်စေသည့် လျပ်စစ်ပစ္စည်းကိရိယာများ သုံးစွဲလျှင်အောက်ခံမီးမလောင် နိုင်သည့်အုတ်/ သံတို့ အပေါ်တွင်အသုံးပြုခြင်း) (မီးပလပ်ပေါက်မကောင်းခြင်း၊ ဝါယာကြိုးဟောင်းနွမ်းခြင်း၊ မနိုင်ဝန်ထမ်းခြင်း၊ လျှပ်စစ်ပစ္စည်းကိရိယာ ဟောင်းနွမ်းခြင်း၊ မီးခြစ်၊ ဓာတ်ဆီ ဒီဇယ်လောင်စာဆီ၊ စက်မှုလက်မှုလုပ်ငန်းများ)၊ မီးဘေးကြိုတင်ကာကွယ် သည့်အပိုင်းဆိုလျှင် မိမိနေအိမ်၊ လုပ်ငန်း အမျိုးအစားနှင့်သင့်တော်သည့် မီးသတ်ပစ္စည်းကိရိယာများ အဆင့်သင့် ထား ရှိမည်(ဥပမာ) မီးချိတ်၊ မီးကပ်၊ လှေကား၊ မီးသတ်ဆေးဘူး၊ ရေ၊ သဲများ)၊ မီးတားလမ်းတွေပြု လုပ်ထား ရမည်။ လောင်စာဖြစ်စေနိုင်သည့်အမှိုက်သရိုက်များကို ရှင်းလင်းထားရမည်၊ မီးသတ်ယာဉ်များ အချိန်မရွေးဝင် ထွက်နိုင်အောင် လမ်းများအား ပြုပြင် ရှင်းလင်းထားရမည်၊ မီးသတ်ဌာန ဖုန်းနံပါတ်များကို မှတ်သားထား ရမည်ဖြစ်ကြောင်း၊

နောက်ဆုံးအပိုင်းဖြစ်သည့်မီးငြိမ်းသတ်ရေးအပိုင်းတွင်မီးလောင်မှုဖြစ်လာခဲ့လျှင်အဆင့်သင့်ဆောင်ထားသည့်ရှေးဦးမီးငြိမ်းသတ်နိုင်သည့် မီးသတ်ဆေးဘူး၊ ရေပုံး၊ သဲပုံး၊ မီးချိတ်မီးကပ်၊ လှေကားများကို လက်ဦးမှုရယူငြှိမ်း သတ်ရမှာ ဖြစ်ကြောင်း၊ အချိန်တိုတိုအတွင်း ထိရောက်စွာငြိမ်းသတ်နိုင်ဖို့အတွက် မီးငြိမ်းသတ်သည့်နည်း စနစ်တွေကို လူတိုင်းလူတိုင်း တတ်သိနားလည်ထားဖို့ လိုအပ်ကြောင်း၊

အခြေခံမီးငြိမ်းသတ်တဲ့ နည်းတွေကို သိရှိထားဖို့လိုအပ်ပါကြောင်း၊ မီးလောင်မှုဖြစ်ပွားလျှင်အချိန်မီ သိရှိနိုင် ရန်မြို့နယ် မီးသတ်ဦးစီးဌာန အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့မဟုတ် ၀၄၃-၅၃၁၁၄ သို့အမြန်ဆုံး ဆက်သွယ် အကြောင်းကြားကြရန်လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

 

လှကျော်(ပြန်/ဆက်)