ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၄
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု ၏စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုမှာ ရက်ပိုင်းအတွင်း ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံ တစ်ခုဆီသို့ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့်နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် တားဆီးနိုင်ရေးသတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသောစည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန် တိုက်တွန်းနှိုးဆောင်ခဲ့ကြောင်းသိရှိရသည်။
မျိုးသီဟ(ပြန်/ဆက်)