ပင်လောင်း ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှု မရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှု များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန် က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့်လိုက်လံနှိုးဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များနှင့်ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်စေရေးအတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေး ချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ်အသိပညာပေး လိုက်လံ နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထွန်းလင်း (ပြန်/ဆက်)