မိုင်းပန်မြို့နယ်တွင် ဓါတ်သတ္တု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားသည့် နေရာများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုင်းပန်​   ဒီဇင်ဘာ​   ၁၄

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း၌ ဓါတ်သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားသည့်နေရာများသို့လင်းခေးခရိုင်၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါနေရာများသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

​အဆိုပါ ဓာတ်သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားသည့်နေရာများသို့ လင်းခေးခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊မိုင်းပန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးတင် ကိုလတ်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးခိုင်ထွန်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးနိုင်လင်းခိုင်၊ လမ်းအထူးအဖွဲ့ (၅) မှ ဦးစီးအရာရှိ (မြို့ပြ) ဦးကျော်ခိုင်ဦး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ နောင်ပါမွန်ကျေးရွာ၊ မိုင်းဟောင်းကျေးရွာ၊ လွိုင်နွဲ့ကျေးရွာ၊ (၃) မိုင် ကျေးရွာများအတွင်းရှိ ဓါတ်သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်း လိုင်စင်ရရှိရေးနှင့်ပတ်သက်၍ လယ်ယာမြေများနှင့် လွတ်ကင်းခြင်းရှိမရှိ၊ မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ်နှင့် လွတ်ကင်းခြင်းရှိမရှိ၊လမ်းမကြီးနှင့် သတ်မှတ်အကွာအဝေးတွင် လုပ်ကိုင်ခြင်းရှိမရှိ၊ သဘာဝပတ်ဝန်းကျင်အား ထိခိုက်နိုင်ခြင်းရှိမရှိ၊ သစ်တောကြိုဝိုင်း ဧရိယာများနှင့်  လွတ်ကင်းခြင်းရှိမရှိစသည့် သတ်မှတ်စည်းကမ်းများနှင့်အညီ လုပ်ကိုင်ခြင်း ရှိမရှိတို့အားကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရသည်။

​မိုင်းပန်(ပြန်/ဆက်)