လှည်းကူး၌ အလုပ်အကိုင် အခွင့်အလမ်းနှင့် အပိုဝင်ငွေရရှိစေရန် ဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်

လှည်းကူး ဒီဇင်ဘာ ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုအပိုဝင်ငွေ တိုးပွား လာစေရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမော်နှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းတို့ က အဖွင့်မိတ်ဆက်စကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးတို့က သင်တန်းဖွင့်လှစ်သင်ကြား ပေးရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်၊

အဆိုပါ သင်တန်းတွင် လူသုံးကုန်ပစ္စည်းဖြစ်သည့် ဆပ်ပြာပြုလုပ်နည်း အဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့များဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပြီး သာယာကုန်း ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ(၁၅)ဦး တက်ရောက်၍ သင်တန်းကာလမှာ ၅ ရက် ဖြစ်ကြောင်း သိရှိရသည်။

လှည်းကူး(ပြန်/ဆက်)