ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ခရီးသည်များ အဆင်ပြေစေရေး သင်္ဘောခရီးစဉ်များ ခေါက်ရေတိုး ပြေးဆွဲပို့ဆောင်ပေးမည်

ရန်ကုန် ဒီဇင်ဘာ ၁၄

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများ အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ  အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများနှင့် လုပ်သားပြည်သူများစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ အဆိုပါ သင်္ဘောဆိပ်ကမ်း၌  ရေယာဉ်ခရီးစဉ်များကို ဒီဇင်ဘာ ၁၅ နေ့က စတင်ပြီး ခရီးသွား မိဘပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေး အတွက် သင်္ဘောခေါက်ရေများ တိုး၍ ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။

ထိုသို့ ပြေးဆွဲပို့ဆောင်ပေးရာတွင် (ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ အနေဖြင့် ရုံးဖွင့်ရက်များနှင့် ရုံးပိတ် ရက်များတွင် အသွား ၄၀ ခေါက်၊  အပြန် ၄၀ ခေါက်နှုန်းဖြင့်  ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန်  နံနက် ၅ နာရီခွဲမှ ည ၇ နာရီအထိ လည်းကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှ စတင်၍  ည ၇ နာရီခွဲ အထိ လည်းကောင်း ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဘောရေယာဉ် ခရီးစဉ်အချိန်များကို ပြောင်းလဲသတ်မှတ်၍ ခေါက်ရေတိုးပြေးဆွဲပေးခြင်းဖြစ်ကြောင်း၊ သင်္ဘောဆိပ်ကမ်းရှိ လက်မှတ်ရုံဝင်ပေါက်တွင် အသိပေးကြေညာ ထားကြောင်း သိရသည်။

အဆိုပါ သင်္ဘောဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် အထွေထွေ လုပ်သားပြည်သူများစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိသော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ ခရီးသည် သွားလာမှု နည်းပါးသော်လည်း ခရီးသည်များ သွားလာရေး အဆင်ပြေ ချောမွေ့စေရေးအတွက် ခရီးသည် သွားလာမှုအပေါ် မူတည်ပြီး ရေယာဉ် ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပို့ဆောင်ပေးလျက် ရှိသည်။

ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ချယ်ရီရေယာဉ်သုံးစင်း၊ ဒလမြို့ ဆိပ်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတားနှစ်စင်းတို့ကို လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ရာ ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ၇ နှစ်နှင့် တစ်လကြာမြင့်ခဲ့ပြီးဖြစ်သည်။ ဒလမြို့နယ် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသည် များစွာတို့ကို လူးလားခေါက်တုန့် သယ်ယူပို့ဆောင်ပေးလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေ့စဉ်လူစည်း ကားလျက်ရှိသည့်  သင်္ဘောဆိပ်ကမ်းတစ်ခုပင် ဆိုရမည်ဖြစ်သည်။

နိုင်လင်းကျော်