ဟိုပုံး ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်(၁၀)နာရီက လွယ်အွန့်ကျေးရွာအုပ်စု၊ ကန်တောင်း ကျေးရွာ၊ တောင်သူဦးခွန်ထွန်းရွှေ၏ ယာခင်း၌ EM ဘိုကာရှီ သဘာဝ မြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်းနှင့် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း တို့က အမှာစကားပြောကြားကြပြီး ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က သဘာဝမြေဆွေးပုံပြုလုပ်နည်းအဆင့် ဆင့်ကို မြန်မာ-ပအိုဝ်း နှစ်ဘာသာဖြင့် ရှင်းလင်းပြောပြ၍ လက်တွေ့သရုပ်ပြ ဆောင်ရွက် ပြသကာ လွယ်အွန့်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများတို့က သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးမှ အကျယ်တဝံ့ပြန်လည်ရှင်းပြ ဆွေးနွေးခဲ့သည်။
ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက "သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲရခြင်းဖြင့် မြေဆီဩဇာထက်သန် ကောင်းမွန်စေ ရန်နှင့် စိုက်ပျိုးတောင်သူများ ကုန်ကျ စရိတ် သက်သာစေရန်၊ လူနှင့်ပတ်ဝန်းကျင်အတွက် အန္တရာယ်ကင်းပြီး သီးနှံစုံတွင် ထည့်သွင်း အသုံးပြုနိုင်သည့် သဘာဝမြေဩဇာကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲတတ် လာစေရန်၊ စိုက်ပျိုးမြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ ပိုမိုကောင်းမွန် စေရန်နှင့် ဓါတ်မြေဩဇာ သုံးစွဲမှုအား သိသာစွာ လျှော့ချစိုက်ပျိုးနိုင်စေရန်" စသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။
EM ဘိုကာရှီသဘာဝမြေဆွေး မြေဩဇာကို ကောက်ရိုး၊ ဗေဒါ၊ ကြံဖတ်၊ ပြောင်းခွံ၊ ပဲမျိုးစုံအခွံ၊ ပေါင်းပင်များ၊ မြက်၊ ဘောစကိုင်း၊ နေကြာရိုင်း၊ နွားချေး၊ ကြက်ချေး၊ စပါးခွံ၊ ဖွဲနု၊ တင်လဲရည်၊ EM ဖျော်ရည်စသည့် ကုန်ကြမ်းများဖြင့် အလျား ၆ ပေ၊ အနံ ၃ပေ မြေနေရာကို ဘောင်ချ၍ နေရာ ပြုလုပ်ပြီး၊ ရေဂါလန်(၂၀)ထဲသို့ EM ဖျော်ရည် (၁)လီတာ၊ တင်လဲရည်(၁)လီတာရောမွှေ ရမည် ဖြစ်ကြောင်း၊ ဘောင်ပေါ်တွင် သီးနှံစွန့်ပစ်ပစ္စည်းများကို အမြင့်(၆) လက်မခန့်အထူ တစ်လွှာရအောင် ပြုလုပ်ပြီး တစ်လွှာပုံပြီးတိုင်း EM ဖျော်ရည်အရော(၃)ဂါလန်ကို နှံ့အောင်ဖျန်းကာ မြေဆွေးပုံ ကျစ်လစ် သိပ်သည်းစေရန် ပြုလုပ်ရမှာဖြစ်ကြောင်း၊ ထို့နောက် သီးနှံစွန့်ပစ် ပစ္စည်းများကို အလွှာ(၆)လွှာ ရသည်အထိ အဆင့်ဆင့်ပြုလုပ်ပြီးနောက် ပလပ်စတစ်ဖြင့် လုံအောင် ဖုံးအုပ်ရမည် ဖြစ်ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)