ဆီဆိုင် ဒီဇင်ဘာလ ၁၄
ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံ တိုင်းရင်းသားပြည်သူများ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ယနေ့ နံနက် ၈နာရီခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Mask Campaign များပြုလုပ်ရာတွင် လူစည်ကားရာနေရာဖြစ်သော ဆီဆိုင်မြို့မဈေး ဈေးအတွင်း/ အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ဆီဆိုင်-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ခရီးသွားပြည်သူများအား နှာခေါင်းစည်း (၁၂၅၀) ခုတို့အား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက် ရန်၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်သွားလာကြရန်နှင့် လက်ကို မကြာခဏ ဆေးကြောရန် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဝန်ထမ်း များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးနှင့် ဝန်ထမ်းများ၊ ဆီဆိုင်မြို့မစခန်းမှူး ဒုရဲမှူးသက်ဝေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)