ညောင်ဦး ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် ၆၂၉ ၊ ဘုရားအမှတ် ၆၂၈ ဘုရားအတွင်းအပြင်တို့တွင် ညောင်ဦးမြို့နယ် ဖောင်ဖွဲ့ရေးရုံးဝန်ထမ်းများနှင့် ပလင်းဆင်စခန်းရှိ ဆင်ထိန်းဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုရားအမှတ် ၆၂၉ ဘုရားအတွင်းရှိ ဆင်းတုတော်အား မျက်နှာတော်ရောင်တော် ဖွင့်ခြင်း၊ လှိုင်အတွင်း ဖုံမှုန့်၊ သဲမှုတ်၊ ငှက်ချေးများရှင်းလင်းခြင်း၊ ဘုရားအမှတ် ၆၂၉ နှင့်ဘုရားအမှတ် ၆၂၈ အပြင်ပတ်ဝန်းကျင်ရှိ သစ်ပင်၊ပေါင်းမြက်များရှင်းလင်းမီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဆင်စခန်း တာဝန်ခံကပြောကြားသည်။
အဆိုပါ ဘုရားအမှတ် ၆၂၉ သည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ အရာထမ်း၊ အမှုထမ်းများ ပြုပြင်လှူဒါန်းထားသည့် ဘုရားဖြစ်ပြီး အေဒီ ၁၂ ရာစုလက်ရာဖြစ်ကြောင်း၊ မပြုပြင်မီအချိန်က တိုက်မအရှေ့ဘက်နှင့်တောင်ဘက်နံရံမှာ အမြင့် ၇ ပေခန့်ရှိပြီး မြောက်ဘက်နံရံမှာ တိုက်မချင်းမိတ်တိုးအထိမြေပြင်မှအမြင့်ပေ ၂၀ ခန့်နှင့်အာရုံ ခံကောင်းစွာကျန်ရှိခဲ့ပြီး အထူးသဖြင့် အတွင်းဆင်းတုတော်ကြီးမှာ ဉာဏ်တော် ၉ ပေခန့် ရှိပြီးပလ္လင်တော်မှာအင်္ဂတေဖြင့်ပြုလုပ်ထားသော ဧရာဝဏ်ဆင်ရုပ်တု၊ ခြင်္သေ့ရုပ်ထုနှင့် ဦးခေါင်းနှစ်လုံးပါသော ဂန(GaNa)ရုပ်ထုများ၊ လက်ရာကောင်းမွန်စွာကျန်ရှိသေးသည့် ဘုရားဖြစ်ကြောင်း ရှေးဟောင်းနည်းစနစ်၊ ရှေးဟောင်းသရွတ်စပ်နည်းများဖြင့် ရှေးလက်ရာမပျက် ပြန်လည်ပြုပြင်ထားသည့် ဘုရားဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုက ရှင်းပြသည်။
ကိုထိန်၊KPD