တာချီလိတ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်လုံး Quarantine Centre တွင် ရောက်ရှိနေသော လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာအလုပ် သမား (၁၇) ဦးကို ယမန်နေ့က ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ရယူစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လာအိုနိုင်ငံမှ လွှဲပြောင်းရောက်ရှိလာသူ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၉) ဦး စုစုပေါင်း (၁၇) ဦးအား ဒီဇင်ဘာလ (၁၁)နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူမရှိသဖြင့် ဝမ်လုံး Quarantine Centre တွင်ထားရှိကာ သုံးရက်မြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ထပ်မံရယူ စစ်ဆေးပြီး ရောဂါပိုးကင်းစင်သူများကို မိမိနေရပ်ဒေသအသီးသီးသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ယခုနှစ် ဇူလိုင်လနှောင်းပိုင်းမှစ၍ လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာအလုပ်သမား စုစုပေါင်း (၄)ထောင်ကျော်ရှိကြောင်း သိရှိရသည်။
ယာဆေး ( ပြန်/ဆက်)