နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေး

နမ္မတူ        ဒီဇင်ဘာ     ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ယမန်နေ့တွင် နမ္မတူမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ် နှင့်အထက် တိုင်းရင်းသားပြည်သူ ၁၉၀ဦးအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများမှ တာဝန်ရှိ သူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များအား ပူးပေါင်းကူညီဆောင်ရွက် ခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၈၄၉ဦး၊ ကျောင်းသား/ကျောင်းသူ ၆၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၀၉၁ဦး နှင့် ကျောင်းသား/ကျောင်းသူ ၃၀၈ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၂၈၅၀ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)