(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

စစ်တွေ  ဒီဇင်ဘာ ၁၄

၂၀၂၁ခုနှစ် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန် ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ကမ်းနားလမ်း၊ စာတိုက်ကြီးအနီး၌ ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်ရောက်မည့် အားကစားသမားများက နေရာယူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အလံဖြင့်အချက်ပြကာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးက ဝီစီမှုတ်ပြီး တာလွှတ်ပေးကြသည်။

ထို့နောက် အားကစားသမားများသည် ကမ်းနားလမ်း စာတိုက်ကြီးအနီးမှ ကမ်းနားလမ်းအတိုင်း စစ်တွေဗျူးပွိုင့်၊  စစ်တွေဟိုတယ်ကမ်းခြေအထိ၊ ထို့မှတစ်ဆင့် စတင်တာလွှတ်သည့် စာတိုက်ကြီးရှေ့သို့ ပြန်လည်ပန်းဝင်ကြသည်။  ပြိုင်ပွဲဝင် အားကစားသမားများ ပြန်လည် ပန်းဝင်ကြစဉ် ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊  ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြိုဆိုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိကြသော အားကစားသမား ၁၀ ဦးအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က လည်းကောင်း၊ အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိကြသော  အားကစားသမား ၁၀ ဦးအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကလည်းကောင်း ဆုများ ပေးအပ်ကြသည်။

ထို့နောက် အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသော အားကစားသမားများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကဆုများပေးအပ် ချီးမြှင့်ပြီး  အမျိုးသား မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစား သမားများအား ပြည်နယ်ဝန်ကြီးချုပ်က ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ဆုရရှိသော အားကစားသမားများအတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးကြသည်။

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ  တွင် ပြိုင်ပွဲအားကစားသမား ၁၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)