တောင်ကြီး ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။
အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ် ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိအနေဖြင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသ၍ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာလိုက်နာကြရန်၊ မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)