ရပ်စောက် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့အဝင် ဗထူးကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု တားဆီးကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုစေခြင်း၊ ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ မြို့တွင်းနှင့် အပြင်ထွက်သွားလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ရပ်စောက်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာစုစုပေါင်း ၃၂၃၅ ဦး၊ ပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၁၅၄ ဦး၊ ဆေးကုသမှု ခံယူလျက်ရှိသူ စုစုပေါင်း ၁၅ ဦးနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာစုစုပေါင်း ၆၆ ဦးရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှသိရသည်။
ရဲထက်ဦး(ပြန်/ဆက်)