ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာတွင် ခရမ်းစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ဝင်ငွေရရှိ

ကျောက်ဆည်    ဒီဇင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ သင်ပျိုကျေးရွာတွင် ခရမ်းစိုက်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ်ရောင်းချ ရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။

ခရမ်းစိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ "စိုက်ပျိုးတဲ့အခါမှာ အပင်အသေအပျောက်မရှိအောင်လို့ ခရမ်းမျိုးစေ့တွေကို အရင်ပျိုးထောင်ပြီးမှ သန်မာတဲ့အပင်တွေရွေးပြီးစိုက်ပျိုးတာပါ။ ပျိုးထောင်တဲ့ အခါမှာ ကိုယ်စိုက်မယ့်ခရမ်းမျိုးကိုတော့ မျိုးမမှားဖို့တော့လိုတာပေါ့ ကျွန်တော်စိုက်ထားတဲ့ ခရမ်းမျိုးကတော့ အတို့အမြှပ်အဖြစ် စားရတဲ့ ခရမ်းအပြာမျိုး (အသီးအသေး) ဖြစ်ပါတယ်။ ပျိုးသက်(၁)လသားအရွယ်မှာ မြေပြင်ထားတဲ့ အခင်းထဲကိုပြောင်းရွေ့စိုက်ပျိုးပါတယ်။ တစ်ချို့ ခရမ်းစိုက်တဲ့ သူတွေကတော့ ခရမ်းပျိုးထောင်ချိန်မှာမြေပြင်ထားတဲ့အခင်းမှာ ချဉ်ပေါင်းကျဲပြီး စိုက်ပျိုးပါတယ် နှစ်သီးစားပေါ့။ ခရမ်းပြောင်းရွေ့စိုက်ပြီး ပထမ ပေါင်းရှင်း၊ မြေဆွချိန်မှာ ချဉ်ပေါင်ပင်များ အပြီးရိတ်ပြီး ရောင်းချမှသာ ခရမ်းကို ပြုပြင်လို့ ရမှာဖြစ်ပါတယ်" တောင်သူ ဦးထွန်းကျော်က ပြောပြသည်။

ခရမ်းပင်သည် ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးကာ အစိုဓာတ်မပြတ်ရေသွင်းပေးပြီး အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုနဲ့ပုလဲမြေဩဇာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်တဲ့အခါ အပင်အားတိုးဆေးနဲ့ ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းတဲ့အခါ ရက်ခြားခူးပြီး ရောင်း၍ရသလို နေ့စဉ်ခူးဆွတ်၍လည်း ရောင်းချလို့ရကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာငွေကျပ်(၆၀၀)မှ(၈၀၀)ကျပ်အထိ ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် (၅၀၀)စိုက်ပျိုးထားသည့် ဦးဝင်းမင်းထွန်းကပြောပြသည်။

သက်မောင်(ကျောက်ဆည်)