စဉ့်ကိုင် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပဉ္စမအသုတ် (ပထမ) အကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဒုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင်(ရောဂါ နှိမ်နှင်းရေး) ကျောက်ဆည် တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပဉ္စမအသုတ် ပထမအကြိမ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန် နှင့်ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါ ကူးစက်မှု လျော့နည်း စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ ဝင်များနှင့်ပူးပေါင်းပြီး ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Speaker များဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက် / ကျေးရွာများ အတွင်း ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊ ဒေသန္တာရ စည်းကမ်းချက်များ၊ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံက သိရသည်။
ညိုညိုဝင်း(မြို့နယ်)