တန့်ယန်းမြို့နယ်၊ ဟိုပတ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်

တန့်ယန်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်းစီမံချက်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ ဟိုပတ်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ''ပန်းခင်း'' စီမံချက်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုတွင် ဟိုပတ်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်း၍ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေရာ အခက်အခဲမရှိစေရရန် သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ ဟိုပတ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆) ခုအား ပြုလုပ်ပေးနိုင်ခဲ့ပြီး နိုင်-၃(က) ပြုလုပ်သူ (၂၄) ခုနှင့် နိုင်-၆ (က) ပြုလုပ်သူ (၁၀၄) ခု စုစုပေါင်း (၁၂၈)ခုအား ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး (ပြန်/ဆက်)