ကျောက်မဲ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ် အထက် ပြည်သူများအား သတ်မှတ်စုရပ် အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဖြင့် နေ့စဉ် (တနင်္ဂနွေနေ့မှလွဲ၍) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့် သူများကို ကွန်ဖြူးရှပ်ကျောင်း၌လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမည့်သူများကို မြို့ကျက်သရေဆောင်ခန်းမတွင်လည်းကောင်းခွဲ၍ ထိုးနှံပေးလျက်ရှိသည်။
ထို့အပြင် ကျောက်မဲမြို့ မိုဘိုင်းဆေးထိုးအဖွဲ့က ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာ အုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများအားကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ၂ ကြိမ်စလုံး ထိုးနှံပြီးသူပေါင်း ၃၅၂၉၃ ဦး၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူပေါင်း ၄၈၈၈၅ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)