အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)၌ ပင်စင်များအား သတ်မှတ်ရက်များအတွင်း ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ထုတ်ပေးသွားမည်

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) တွင် သြဂုတ်၂၄ ရက်နေ့မှစတင်ကာ ပင်စင်များအား သတ်မှတ်ရက်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကျန်းမာရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရေနံချက် စက်ရုံ ရုံးကြီးအရှေ့ ကားများ ရပ်နားသည့်နေရာ၌ စနစ်တကျ ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) တွင် ပင်စင်လာရောက်ထုတ်ယူကြမည့် ပင်စင်ထုတ်သူများအနေဖြင့် ပင်စင်စာအုပ် များတွင် သတ်မှတ်ပေးထားသော ရက်များ အတွင်း၌သာ ပင်စင်လာရောက် ထုတ်ယူပေးကြရန်နှင့် ပင်စင်လာရောက် ထုတ်ယူသည့်အခါ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်/ နှာခေါင်းစည်း Mask များ တပ်ဆင်လာကြရန်၊ ပင်စင် ထုတ်ယူမည့်သူ တစ်ဦးသာ လာရောက် ထုတ်ယူကြရန်နှင့် ကျန်းမာရေး အခက်အခဲကြောင့် မဖြစ်မနေလာရောက် ထုတ်ယူပါက နှစ်ဦးထက်မပို ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ လာရောက် ထုတ်ယူကြရန်၊ ကျန်းမာရေးအတွက် ကလေးငယ်များအား (လုံးဝ) မခေါ်လာရန် သက်ဆိုင်ရာမှ မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)