မိုင်းဖြတ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါပိုးကူးစက်မှု လျော့နည်းလာသည့်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် စာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော် ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၏ စီမံကြီးကြပ်မှုဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးကြသည်။ အဆိုပါ ကျောင်းသား ၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား နယ်မြေခံတပ်ရင်းမှ စစ်ဆင်ရေးကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်အတွင် ယနေ့၌ အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃)ကျောင်း၊ မူလတန်းလွန်ကျောင်း (၉)ကျောင်း၊ မူလတန်းကျောင်း (၄၁)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၂၀)ကျောင်း၊ စုစုပေါင်း (၇၆)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၀၉၈)ဦး တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး